Thursday 26 January 2012

ဘောလုံးသမားလေး ဖမ်းဆီးချုပ်နှောင်ခံရ

သင်္ဃန်းကျွန်းမြို့နယ် အ.မ.က(၂၀) ကျောင်းအနီး ဘောလုံး လာရောက် ကစားသောကျောင်းသား တစ်ဦး ကြိုးတုပ်ရိုက်နှက်ပြီး ၄နာရီကျော်ကြာ ကျောင်းအတွင်း ချုပ်နှောင်ခံခဲ့ရကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။
အ.ထ.က(၁)သင်္ဃန်းကျွန်းတွင် သတ္တမတန်း တက်ရောက်နေသော အသက် ၁၂နှစ်အရွယ်ပြည့်စုံကို အ.မ.က(၂၀)သင်္ဃန်းကျွန်းမှ ကျောင်းအုပ်ကြီး ဦးဌေးလွင်ရိုက်နှက် ချုပ်နှောင်မှုကြောင့် ကလေးငယ်သည် သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ပြည်စုံ၏ အဒေါ်ဖြစ်သူကပြောသည်။


'' ကလေးက အကြောက် လွန်သွားတယ်၊ ကလေးကို တွေ့တာ နောက်ထပ် တစ်နာရီနောက်ကျရင်
အသက်တောင် မီမှာ မဟုတ်ဘူး၊ ဒဏ်ရာကြီးကြီးမားမား မရဘူး၊ အကြောက် လွန်ပြီး
ဖျားနေတာ" ဟု သင်္ဃန်းကျွန်းဆေးရုံတွင် တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းအနီးတွင် ဇန်န၀ါရီ ၁၄ရက်နေ့ နံနံက် ၉နာရီတွင် ပြည်စုံသည်သူငယ်ချင်း များနှင့် အတူ ဘောလုံး ကန်နေစဉ် ကျောင်းအုပ်ကြီး ထွ က်အော်မှုကြောင့် ကလေးငယ်များ အားလုံး ထွက်ပြေးခဲ့ပြီး ထိုထွက်ပြေးသွားသော ကလေးငယ်များထဲမှ ပြည့်စုံကို ကျောင်းအတွင်းသို့ ကျောင်းအုပ် ဆရာ ကြီးသည် လိမ်ညာခေါ်ဆောင်ပြီး ကျောင်းစောင့်နှစ်ဦးကိုလက်ပြန်ကြိုးတုပ်ခိုင်းပြီး ရိုက်နှက် ခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။


'' ကျန်တဲ့ကလေးတွေက အိမ်ကို လာပြောပြောချင်း လိုက်သွားတာ၊ ကျောင်း အပေါ်ထပ်ရောက်တော့ လက်ပြန်ကြိုးတုပ်ခံထားပြီး ကြမ်းပြင်မှာ ခွေခွေလေးလဲနေတဲ့ မောင်လေးကို တွေ့လိုက်တော့ ကလေးက သတိမေ့နေပြီ" ဟု ပြည်စုံ၏ အစ်မအရင်းဖြစ်သူက ပြောသည်။



ကြိုးဖြည်ပေးပြီး အိမ်သို့ပြန်ခေါ်ရန် ကျောင်းအုပ်ဆရာကြီးကို အစ်မဖြစ်သူ ပြောရာတွင် ကျောင်းထဲသို့
အခွင့်မရှိ ၀င်ရောက်မှုဖြင့် တရားပြန်စွဲမည်ဖြစ်ကြောင်း အ.မ.က(၂၀)ကျောင်းအုပ်ကြီးဦးဌေးလွင် က ပြောဆိုလိုက်သည်။

''မောင်လေးကြောက်တယ် ကြောက်တယ်ပြောပြီး ရေပဲတောင်းနေတယ်၊အဲဒီ ကျောင်းအုပ်ကြီးကလဲ မောင်လေးကို ပြန်မထည့်တော့ ကျွန်မထိုင် ရှိခိုးပြီး ပြန်ခေါ်လာရတယ်"ဟု အစ်မဖြစ်သူက ဆိုသည်။

ဤအမှုနှင့် ပတ်သက်ပြီး မိသားစုက
သင်္ဃန်းကျွန်းရဲစခန်းတွင် အမှုဖွင့်ထားပြီးမြို့နယ်ပညာရေးမှူး များထံ တိုင်ကြားထားကြောင်း သိရသည်။
ပြည့်စုံသည် ကျောင်းအတွင်းသို့ ခိုးဝင်ခဲ့ပြီး ကျောင်းဝန်း အတွင်းဗုံးလာထောင်မည်စိုး သဖြင့်  ကျောင်းလုံခြုံရေးအရ  ချူပ်နှောင် ရခြင်း ဖြစ်သော်လည်း ရိုက်နှက်ခြင်း မရှိကြောင်း ကျောင်းအုပ် ဦးဌေးလွင်က မြို့နယ်ပညာရေးမှူးရှေ့တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်း ဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး အ.မ.က(၂၀)ကျောင်းအုပ် ဦးဌေးလွင်ထံဆက်သွယ် မေးမြန်းရာ တွေ့ဆုံ ခွင့်မရရှိခဲ့ပါ။

'' ကလေးတွေကလဲ ကျောင်းထဲဝင်ဆော့တယ်၊ ဆရာကြီးက ဆုံးမတာပါ၊ ရိုက်နှက် ချုပ်နှောင်ခဲ့တာ မဟုတ်ပါဘူး" အ.မ.က(၂၀)ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းအကျိုးဆောင်များက ပြည့်စုံမိသားစုထံ လာရောက် ညိုနိုင်းပေးပြီး ကလေးငယ်အတွက် မုန့်များ လာရောက်ပေးခဲ့ကြောင်း ပြည့်စုံ၏ အဒေါ်ဖြစ်သူက ဆိုသည်။

''ကျွန်မတို့ လျော်ကြေးလိုချင်လို့လဲ တိုင်ထားတာ မဟုတ်ဘူး၊ ကလေးတစ်ယောက်ကို ဒီလောက်ထိ လုပ်စရာမလိုပါဘူး" ဟု ၎င်းက ပြောသည်။

0 comments:

Post a Comment